Tuesday, December 2, 2014

တို့နှစ်ယောက် နောက်ဆို ဘယ်တော့မှ လေယာဉ်ပျံမစီးတော့ဘူး










တို့နှစ်ယောက် နောက်ဆို ဘယ်တော့မှ လေယာဉ်ပျံမစီးတော့ဘူး

Fiber cable ထဲကနေ     ဖုတ်ကောင်ရဲ့မျက်နှာမြင်ရဖို့ ဆိုတာ ၊ လိုင်းကောင်းဖို့လိုတယ် ၊  
ငါးမန်း  ကိုက်ခိုင်းထားတာလား ။ အချိန်ဇယားအရတော့  အနမ်းအစီအစဉ်   
မရောက်သေးဘူး ၊ ချောကလက်သစ်သီးကိတ်မှာ မင့် ကိုယ်ကာယပါမယ် ၊
ဘရာ နောက်တစ်ခုက ဗန်ဒါစေ့အရောင် ၊ ကြိုက်တယ် ။

မင်း ရဲ့လိပ်ပြာက ကိုယ့်ပါးဟက်ထဲ ပျံသန်းလာရမှာ ၊ မျိုချလိုက်ပါမယ် ၊  
စုန်းမတစ်ယောက်လုံး လုံ ထဲခုန်ဝင်နေတဲ့ခေတ်ပေါ့ ၊ ကြေးနှစ် သံနှစ်က 
လက်နက်ကြီးသုံးတော့ ယဉ်ကျေးမှုတိုးတက်လာတဲ့ အနမ်းလို့
သတ်မှတ်ကြလိမ့်မယ်၊ နယူးယောက် ဘေရွတ် နဲ့ အင်္ဂါဂြိုဟ်မှာလည်းအတူတူ ။

၁၉၈၉ ခုနှစ် သြဂုတ်လဆိုရင် ငွေနဲ့ဝယ်လို့မရတဲ့ အာကာသယာဉ်ကို
ဓါတ်တိုင်ရောင် ထအောင် ပွတ်တိုက်လို့ ၊ အာမခံမထားရသေးတဲ့ လိင်လုပ်သားအပေါ်ကို
ကဗျာစာအုပ်ကြဲချဖြစ်တယ်၊ ကယ်တင်ခြင်းဖောင်ဒေးရှင်းအကြံပေးရဲ့
ကာယ လေ့ကျင့်ခန်းလို။

အနည်းဆုံးတော့ မင်းက နူးညံ့တဲ့ဆေးရွက်ကြီးဖြစ်ချင်တဲ့ရောဂါ ၊ လူတစ်ယောက်ဟာ
ကိုယ့်ပုံရိပ်နဲ့ကိုယ်ကွဲလွဲနေပြီလို့ထင်ရင်  ပရိဘောဂတွေကို  အရင်ရွေ့တယ် ၊ ပြီးတော့
အိမ်သာသုံးတစ်ရှုးလိပ် ၊ ကမ္ဘာပျက်ကိန်းထဲကမြင်းသည်တော် ၄ ယောက်လို တယ်လီဖုန်းပါးခြုပ်
ထဲကနေ ပင့်ကူတွေလွှတ်မနေနဲ့တော့ ကောင်မရေ ။

ကိုယ့်ကို  လွတ်လပ်ရေးပေးလိုက်တာ မြန်တယ်၊ မြို့ ထဲမှာ သံချပ်ကာကားတွေ
အလံတွေနဲ့ ၀င်လာတော့၊ တစ်စုံတစ်ယောက်နဲ့ ခွဲထွက်ဖို့  သဘောမတူကြောင်း  
ယဉ်ယဉ်ကျေးကျေး ပြောလိုတဲ့အခါအသုံးပြုတဲ့ ဒစ်ရှင်နယ်ရီစာအုပ်     
ကောက်လှန်ကြည့်လိုက်တာ ၊ ဘရာဇီးကော်ဖီစစ်စစ်လို သွားတစ်ချောင်းကျိုးအောင်
ခါးစပ်လိမ့်မယ် ။

ငါးအရှင်တစ်ကောင် ကို မြိုချနိုင်ရင် ရေကူးတတ်လိမ့်မယ် ပြောတယ် ၊  
အမျိုးသမီးက ငိုတယ် ၊ ကျွန်တော်ရေကူးပြီးပြန်ခဲ့ပါပြီ ၊   လိင်မှုကိစ္စတစ်တန်ကို  
ဒေါ်လာ ၂၀၀ ဈေးကျသွားတာ အမှန်ဖြစ်ရင်ကောင်းမယ် ၊ စာကလေးတစ်ကောင်လို 
ဟိုငေးဒီငေးလုပ်ဖို့ ရှပ်အင်္ကျီမီးပူတိုက်ရဦးမယ် ။

ကိုယ့်မွေးနေ့ မှာ  အထက်တန်းပညာတတ်မြောက်သူအများစုက ပြာပုံထဲ        
ကူးခတ်နေလိမ့်မယ် ၊ she က လေယာဉ်မှူးလုပ်တန်း ကစားဖို့ပြောတယ်၊  
သိမှုကင်းလွတ်ပုံ  ရနေတဲ့ ကိတ်မုန့် ကို ရွေးချယ်လို့  ၊ အခု ရေချိုးဇလုံထဲမှာ လေယာဉ်ပျံ မောင်းနေတယ် ၊   ကြယ်သီးတစ်လုံးဖြုတ်ထားတဲ့ပန်းစည်းကိုတော့
ထားခဲ့မှာ ၊ ကိုယ့်ကိုယ်ပွတ်သပ်ခဲ့တာ ဂြိုဟ်သားသက်သက် ၊ နှင်းဆီပန်းကို ကိုလိုနီပြုသူပေါ့ ။

သံခင်းတမန်ခင်းကို ဂါလံခွက်နဲ့ ချိန်တွယ်ပေးရဦးမယ် မဟုတ်လား ၊ ကိုယ့်ကမ်းရိုးတန်းပေါ် အရွယ်မရောက်သေးဘဲ
ရှီ  ရဲ့  မီးရှုးမီးပန်း  ပျက်ကျခြင်း ။

နောက်ပိုင်းကြီးပြီး သဘောထားသေးသိမ်တဲ့ဆင်ဖြူတော်မ  အသစ်စက်စက်ရေ ။
ဘာညာတွေ ပျောက်ဆုံးသွားတဲ့ အကြောင်းကို သတင်းစာရောရဲဘက်ရောမြို့တော်ဝန်ရော
ရှီ  ကို ဘာမှမပြောကြဘူး

ခိုင်မြဲကျော်စွာ
၁၉ - ၉ - ၂၀၁၄
Idea Magazine, December 2014