Thursday, September 25, 2014
ဝင်နီရဲ့နောက်ဘဝ
ဝင်နီရဲ့နောက်ဘဝ
 မိုးအလင်း အိမ်အပြန်
 တိမ်ဆန်တဲ့ မင်းအလှက
 ကောင်းကင်နဲ့ ချိတ်လို့မရတော့ဘူး ၀င်နီရေ့။
 ဘောင်းဘီအစိမ်းနဲ့ ကလေးနှစ်ယောက်ရယ်
 ခြေတစ်ချောင်းဘုရားသခင် ပြန်လည်အသိမ်းခံရတဲ့
 ငယ်ယောကျာ်းရယ်
 မင်းဝယ်လာတဲ့ ဘုရားပန်းက
 အကြောင်းမလှတဲ့ အကြောင်းတရားအတွက်
 မဟုတ်လား။
 စားကြွင်းစားကျန် ပန်းကန်တွေဆေး
 ပြီးတော့
 ထောင်ထားတဲ့ ချိုင်းထောက်ယူပေးရတဲ့
 သက်တန့်ပေါင်းများစွာတင်ပို့ပြီး
 ကလေးနှစ်ယောက်နဲ့ စရိုက်ကြမ်းတဲ့ယောကျာ်းကို
 ကျွေးမွေးတယ်။
 ခြေထောက်မှာတွယ်ထားတဲ့မျှော့လို
 အရက်မ၀သေးတဲ့ လင်ရဲ့ရှေ့ ကိုယ်ဖော့နေတတ်တယ်။
 အရိပ်အစုတ်ကလေးတွေကို ရသလိုဖာတယ်။
 ပြီးတော့
 မီးသွေးဖိုလေးငြိမ်းလို့ ညစာပြင်တယ်
 အသက်ရှင်သူမှာ အရသာလိုတယ် မဟုတ်လား။
 လက်သည်းဆေးအရောင်ပြောင်းဆိုးတယ်။
 သော့တစ်ချောင်းပိတ်ပြီး နောက်သော့တစ်ချောင်း
 ပြန်ဖွင့်ရဲ့။
 အိမ်နာမည် မမြရီ
 လေထဲကနာမည် ၀င်နီဆိုပဲ။ ။
 ခိုင်မြဲကျော်စွာ
Wednesday, September 24, 2014
ငါဟာ ဘယ်ကြယ်ကနေလာတာလဲ
ရာဘာပင်လို ခြစ်ယူလို့ရရင်
ငါ့ဝိညာဉ်ဟာ အပြစ်တွေနဲ့ စေးပျစ်နေရောပေါ့
အနားမှာ
အခြားသော အသက်ရှုသံတစ်ခု လှလှပပတစ်ညရှိစမ်း
အနမ်းရဲ့လမ်းကြောင်း မှန်ကန်အောင်တွက်ဆ
ငါ့ ရှပ်အင်္ကျီဖြူဖြူထဲ
ချောင်းဟန့်သံတွေ လောင်းထည့်တာများလွန်းတော့
ဇာတ်ခုံလိုဘ၀မျိုးပဲ ရတယ်။
တနင်္ဂနွေသားအတိုင်း
ကန်ရာသီဖွားအတိုင်း
ပြိုင်ကွင်းထဲက ဂျော်ကီတစ်ယောက်ရဲ့ သွေးအတိုင်း
ခပ်ရိုင်းရိုင်းစပရိန်ကို အရေပြားအောက်ဖွက်ထားပြီးတဲ့ အတိုင်း
မီးနီနေတဲ့ လူကူးမျဉ်းကြားလို
ကာယကံမှုကို ရပ်စောင့်နေပါတယ်
မင်းအလှအပဟာ
မီးချောင်းလိုကျွမ်းသွားရင်တောင်
မှန်စာတိုက်ပြီးစွန်ထောင်ဖြတ်လို့ရဦးမယ်ဆိုတာ
တစ်ပတ်မှာငါးရက်သတိရပြီး နှစ်ရက်ဆက်အိပ်မက်တော့ခက်ခဲ
သွေးကြောထဲတိုးဝင်လာတဲ့ပန်းသီး
ဒါမှမဟုတ် အယောင်ယောင်အမှားမှားမင်းအရသာ
ဘယ်လိုကန်ထုတ်ရမယ်နားမလည်တော့ဘူး
ကိုယ်ဖော့တတ်တယ်ဆိုပေမယ့်
သံသရာဖြတ်ကူးလောက်အောင် ရေပွက်ထဲ
စိတ်ကြီးဝင်သူ ရဲမှမရဲသေးတာ။     ။
ခိုင်မြဲကျော်စွာ။
အောက်မေ့တတ်သူ
ညည
အိမ်အပြင်ဘက် လမ်းလျှောက်ထွက်တယ်
ဘယ်ဘ၀ရဲ့ အဆက်အသွယ်လဲ မသိဘူး။
မိုးအလင်း လက်ဖက်ရည်ဆိုင်မှာ
ကော်ဖီတစ်ခွက်မှာ
စီးကရက်လေးဖွာပြီး
ပြန်မလာသေးသူ အကြောင်းမေးတယ်။
ရေနွေးတစ်ခွက်နှစ်ခွက်ငှဲ့
ပြန်မရောက်နိုင်သူအကြောင်း ပြောတယ်။
ပြီးမှ
အမှောင်ကို တွန့်တိုသလိုကြည့်
တစ္ဆေသရဲတွေ့မိသလို အိမ်ကို ထပြန်တယ်။
အိမ်မက်ထဲ လမ်းထလျှောက်သူ တစ်ယောက်
မနက်ရောက်တော့
ညက ဘာမှမသိကြောင်းပြောပြန်ရော။          ။
ခိုင်မြဲကျော်စွာ
ကျော့ကျော့ခိုင်(သို့မဟုတ်)နောက်ပြန်ဆုတ်တဲ့မီးရထား
တစ်ယောက်ကိုတစ်ယောက်
ကော်နဲ့ကပ်ခဲ့
ပြီးတော့
တစ်ယောက်ကိုတစ်ယောက်ဆုတ်ဖြဲခဲ့
ကျောက်တုံးနှစ်တုံး ပွတ်ခတ်လိုက်တဲ့မီး
(သို့မဟုတ်)သမီးလေး
သွေးစို့တဲ့ အရင်းအနှီးဖြစ်တယ်။
မိန်းမတစ်ယောက်ဝင်ငွေများတာ မီးတောက်လား
ယောက်ျားတစ်ယောက်ဝင်ငွေနည်းတာ မာနလား
လင်နဲ့ မယားဆိုတာ
ဆွေမျိုးမဟုတ်တဲ့ သူစိမ်းတရံမဟုတ်လား
အရက်ဓားနဲ့ ထိုးတယ်။
ဆေးရုံကုတင်ပေါ် သမီးလေးပက်လက်
ဆေးရုံကြမ်းပြင်ပေါ် ကျော့ကျော့ခိုင်မျက်ရည်စတွေပက်လက်
မျှော်လင့်ချက်သက်တန့်တွေ ဓာတ်လိုက်ပြီး
စားလို့ကောင်းတဲ့ အသီးအပွင့်တွေ
အဆိပ်သင့်ပြီ။
ဘာကောင်းသလဲ
အချစ်ဆိုတာ ကိုက်တတ်တဲ့ခွေးပဲ။
နောက်တော့
ကျော့ကျော့ခိုင်တစ်ယောက်
သူ့ပုဆိန်ကို သူမြှောက်တယ်
သူ့သစ်ပငါကို သူပေါက်ခွဲတယ်
သေမှာ
မကြောက်တော့ဘူး။
စိတ်ထားကောင်းတဲ့ ကြိုးတစ်ချောင်း
ပုံပြင်ဟောင်းကို ပြန်မချည်တော့ဘူး။
ကျော့ကျော့ခိုင်
သို့မဟုတ် နောက်ပြန်ဆုတ်တဲ့မီးရထား
သမီးဖိနပ်လေးတစ်ဖက်ကိုင်ထားရင်း
ဘာမှ
မစဉ်းစားတော့ဘူး။            ။
ခိုင်မြဲကျော်စွာ
ခိုသုံးကောင်ရဲ့အိမ်
ခိုသားလေးကစာကျက်တယ်
ခိုမကြီးကထမင်းချက်တယ်
ကျန်တဲ့ခို
ကိုယ်ပိုင်ဟော်တယ်လို တယောပြားအခန်းထဲ
ပုဝင်ဆဲပေါ့။
ခြေတစ်ပေါင်ကျိုး စားပွဲကအစမှာ
သောက်ရေအိုးစင်ကလေးက အဆုံးမှာ
လူလို
ခိုတွေနေတဲ့အိမ်။
ကြည့်မှန်ထဲ ကိုယ့်မျက်နှာကိုယ်ငေးတယ်
Igb,fa&mufaeNyDvJ
စာရိတ္တရဲ့ ဒုတိယထပ်ဆီများလား
လောက်တဖွားဖွားဖျာတစ်ချပ်ပေါ်များလား။
ကစားစရာ သေနတ်ရှိပြီး
နားထောင်စရာ FM ရေဒီယိုကလေးရှိပြီး
ရှိခိုးစရာ
သစ္စာပန်းနည်းနည်း ဘုရားစင်ရှိပြီး
ဘီးလိမ့်စဘဝ
ဒီလောက်အထက်တန်းကျရင်
ရပြီ။
ဟေ့ဝဏ္ဏ
ဘ၀လိုက်ဖမ်းလို့ ထွက်ပြေးရင်းပျော်တဲ့ဘဝ
မင်းကို
ပြချင်လိုက်တာ။ ။
ခိုင်မြဲကျော်စွာ
ကြာပန်း
ဒုက္ခအဆင့်ဆင့်မှာ
မြစ်ဖျားခံရာကစပြီး
ပူဇော်တယ်
ဆုတောင်းစိတ်လေမှာ စိုက်ပျိုးစဉ်
နှစ်ပရိစ္ဆေဒကုန်လွန်သွား
ကိုယ်တိုင်ကြာပန်းဖြစ်ရပေါ့။
ခိုင်မြဲကျော်စွာ
နတ်သား(သို့မဟုတ်)မောင်ချောနွယ်
ရှင်သူထက်
သေသူအတွက် ဂုဏ်သိက္ခာလိုတယ်။
အနုပညာသွေးများပျာယာခတ်
အသက်ဓာတ်ရှိသူနဲ့
မရှိသူကြား
ခန်းမဆောင်နဲ့ မီးလောင်တိုက်
ခြားပြီ။
မီးခိုးတွေ
လေထဲ
ခေတ်ပေါ်ကဗျာနတ်သား အမည်နာမရေးတယ်။
ကံ ကတ္တားကြိယာအပြည့်အစုံ
တန်ခိုးပြာဋိဟာလို
သူပုံခဲ့ပေါ့။
လျှာအယားသား လောကတံငါ
ကမ္ဘာကို
ငွေလက်ကိုင်ရိုးတပ် ကဗျာနဲ့ခုပ်အုပ်ဖို့
မြို့ကို ဘယ်တော့ ပြန်လာဦးမှာလဲ။ ။
ခိုင်မြဲကျော်စွာ
လမ်း ၃၀ ထိပ်က ခရမ်းသို့
ခရမ်းရေ…
အပြောင်းအလဲဆိုတာ ကြိုးခွေပဲ
သည်တစ်နွေ
ပြီးတော့၊ နောက်အသစ်တစ်ခွေပေါ့။
ငါပြောင်းထိုင်တဲ့ လက်ဖက်ရည်ဆိုင်
မိုင် ၅၀ ဝေးတယ်။
မနက်ခင်းစာသောက်ဖွယ်စာရင်းက
မင်းသတင်းမရဘူး။
ခုတော့ တစ်ယောက်တည်းလျှောက်နေရ
တစ်ယောက်ခြေထောက်ပေါ် တစ်ယောက်မှီရပ်ရတဲ့
ကမ္ဘာတစ်ခြမ်း
လွမ်းတယ်။
ဒီတစ်ခါ
မင်းလာရင်
သဘာဝသမိုင်းပြတိုက်သွားမယ်
နှစ်သန်းပေါင်းများစွာက ဝေလငါးတွေ ကြည့်မယ်
အစားခံရတဲ့ဘ၀ဆိုတာ
တို့လိုအဓိပ္ပာယ်ထပ်တူပဲ။
မင်းဓားမြောင်စိုက်ထားတဲ့ ဆိုက်ပရပ်စ်လမ်း
လူဖမ်းသင်္ဘောနဲ့ ကပလီပင်လယ်
ကြောက်မက်ဖွယ်ရာ အိပ်မက်အပြန်လမ်းထဲ
မင်းကို
အိမ်တံခါးက အမေအို မမှတ်မိနိုင်တာလည်း
ဖြတ်သန်းခဲ့ပြီးပြီပဲ
ဝံပုလွေ လာဆင်ကိုချစ်တဲ့
မိန်းမနဲ့ သမီးနှစ်ယောက်ကိုချစ်တဲ့
အလေအလွင့်ဓားချက်များနဲ့ ကမ္ဘာကြီးကိုချစ်တဲ့
မင်းသွေးတွေ
တစ္ဆေသင်္ဘော မျောနေတုန်းလား။
ခရမ်းရေ
ဒေါသကြီးတဲ့ ငါးလည်းသေတယ်
ပုံတိုပတ်စပြောတတ်တဲ့ ငါးလည်းသေတယ်
လောကရဲ့ အလွယ်ဆုံးအလုပ်ဟာ
သေတာမဟုတ်လား
ဘာကြောင့်များ
အခြားသံသရာမှာ လူမြင်ခံဦးမှာလဲ။
ရတနာသုံးပါးဆည်းကပ်ပါ။
တရားရှုမှတ်ပါ
ကြားဖူးနားဝ တစ်ဝဂူတို့ရဲ့ အဖြစ်အပျက်တို့
လွတ်မြောက်ဖို့ ကြိုးစားပါ
လမ်း ၃၀ ထိပ်မှာ
ထူထောင်နေတဲ့ မင်းရဲ့အရိပ်ကို
မြေကြီးလို ဖြန့်ခင်းလိုက်စမ်း
ခရမ်း….။
ခိုင်မြဲကျော်စွာ
ကိုဝဏ္ဏ(သို့မဟုတ်)မစိုက်ဖြစ်သေးတဲ့စက်ရုံ
ဝဏ္ဏရေ
ဘ၀မြေလွတ်မြေရိုင်းအတွက်
ဘာစက်ရုံများဆောက်မှာလဲ
မင်းလက်နဲ့ ချက်လုပ်မယ် ပုံပြင်သစ်တစ်ထပ်
ခုထိ
ငါမဖတ်ရသေးဘူး။
မင်းဗလာစာအုပ်ထဲက သင်တန်းတွေရယ်
မင်းလိုက်ရွှေ့နေတဲ့ ရင်ခုန်သံလိုင်းရယ်
ဘယ်လေတိုက်မှရွေ့မှာလဲ။
ချိန်းလက်စ
တို့ဘ၀စစ်တုရင် အလောင်းအစား
တပ်သားလေးလည်း သေချင်သေမယ်
ဘုရင်ကြီးလည်းသေချင်သေမယ်
အဓိပ္ပာယ်ရှိတဲ့ ရွှေ့ကွက်ပူပူနဲ့လဲယူမှ
မင်း
သရဖူဆိုတာရမှာပေါ့။
ဒါဟာ ရွှံ့စေးဖြူဖြူလို ငယ်ဘ၀ဟောင်း
ဒါဟာ မရိုးနိုင်တဲ့ ဂျင်းဘောင်းဘီအပြာအကြောင်း
ကလေးစိတ်အလောင်းထဲက မထွက်နိုင်ရင်
မင်းညာဘက်လက်
အသုံးမ၀င်ဘူးပေါ့။
မင်းကြောက်တဲ့ ဒုက္ခကျည်ဆန်
ပန်းခြံထဲက ရှဥ့်လေးတွေထက် ပိုမြန်နေလား။
စိတ်ကူးနဲ့ လမ်းတစ်လမ်းခြားတဲ့
လက်တွေ့ ဘဝ
လပြည့်ညဆိုတာ
အမှောင်လိုထစ်အဖို့မလိုဘူး။
ကွန်ပျူတာတစ်လုံးက ကွန်ပျူတာတစ်လုံးကို
မချစ်ဘူး
သူငယ်ချင်းတစ်ယောက်က သူငယ်ချင်းတစ်ယောက်အတွက်
ရှေ့တက်စေချင်တာ
ဝမ်းမြောက်ကြောင်းသ၀ဏ်လွှာအစစ်ပဲ။
ကိုဝဏ္ဏ
မင်းပို့သမယ့် ၀ီရိယတရားထံ
တစ်နေ့
ပြန်စာလာလိမ့်မယ်
ဆက်ဆက်။         ။
ခိုင်မြဲကျော်စွာ
လင်းနို့
စကားလုံးက
အသက်ကို စွဲလောင်တယ်
တယ်လီဖုန်းခွက်ထဲ အငွေ့ တလူလူထွက်လို့။
လွန်ခဲ့တဲ့ ဆယ့်ငါးရက်တုန်းက
အင်္ကျှီ ကြယ်သီးတပ်ပေးခဲ့တဲ့လက်
အခု
ဂက်စ်မီးဖိုပေါ် ချစ်ခြင်းမေတ္တာကို တင်တယ်
ကျွန်မဆံပင်တိုတိုဖြတ်လိုက်ပြီ
နေ့မြင်ညပျောက် ကိလေသာအနမ်းကို ဖြတ်လိုက်ပြီ
မိုးဥတုလို့ပြောတာပဲ
ငါမစိုက်တဲ့ မြက်ရိုင်းတွေ
ငါ့ရင်ထဲရှည်ပေါ့။
ဖြတ်သွားဖြတ်လာကားတစ်စီး ဘရိတ်မြည်သံကြားလဲ
အတွေးထဲ
ခန္ဓာကိုယ်ကြီးဘရိတ်မမိတော့ဘူး။
ဘ၀မြေပုံရှေ့ချ
ဆဌမနံရိုးနဲ့
သံလမ်းဖောက်ရမယ်ထင်တယ်။
ဘားပလက်ကျွေးထားတဲ့ နှင်းဆီပွင့်လို
မျှော်လင့်ချက်ကို ပုံနှိပ်ထားလိုက်ချင်ပါရဲ့
လရောင်ကို
ထောင်ဖမ်းလို့ရပါသလား
လူ့ဘ၀က လရောင်ဆိုရင်
ငါက
လင်းနို့တစ်ကောင်လို ဇောက်ထိုးပျော်ခဲ့သူ
ပြောရတော့မယ် …။
ခိုင်မြဲကျော်စွာ
နတ်သမီးလမ်း
ငါဟာ ဘယ်ကြယ်ကနေလာတာလဲ
ရာဘာပင်လို ခြစ်ယူလို့ရရင်
ငါ့ဝိညာဉ်ဟာ အပြစ်တွေနဲ့ စေးပျစ်နေရောပေါ့
အနားမှာ
အခြားသော အသက်ရှုသံတစ်ခု လှလှပပတညရှိစမ်း
အနမ်းရဲ့လမ်းကြောင်း မှန်ကန်အောင်တွက်ဆ
ငါ့ ရှပ်အင်္ကျီဖြူဖြူထဲ
ချောင်းဟန့်သံတွေ လောင်းထည့်တာများလွန်းတော့
ဇာတ်ခုံလိုဘ၀မျိုးပဲ ရတယ်။
တနင်္ဂနွေသားအတိုင်း
ကန်ရာသီဖွားအတိုင်း
ပြိုင်ကွင်းထဲက ဂျော်ကီတစ်ယောက်ရဲ့ သွေးအတိုင်း
ခပ်ရိုင်းရိုင်းစပရိန်ကို အရေပြားအောက်ဖွက်ထားပြီးတဲ့ အတိုင်း
မီးနီနေတဲ့ လူကူးမျဉ်းကြားလို
ကာယကံမှုကို ရပ်စောင့်နေပါတယ်
မင်းအလှအပဟာ
မီးချောင်းလိုကျွမ်းသွားရင်တောင်
မှန်စာတိုက်ပြီးစွန်ထောင်ဖြတ်လို့ရဦးမယ်ဆိုတာ
တစ်ပတ်မှာငါးရက်သတိရပြီး နှစ်ရက်ဆက်အိပ်မက်တော့ခက်ခဲ
သွေးကြောထဲတိုးဝင်လာတဲ့ပန်းသီး
ဒါမှမဟုတ် အယောင်ယောင်အမှားမှားမင်းအရသာ
ဘယ်လိုကန်ထုတ်ရမယ်နားမလည်တော့ဘူး
ကိုယ်ဖော့တတ်တယ်ဆိုပေမယ့်
သံသရာဖြတ်ကူးလောက်အောင် ရေပွက်ထဲ၏
စိတ်ကြီးဝင်သူ ရဲမှမရဲသေးတာ။   ။
ခိုင်မြဲကျော်စွာ
သင်းကွဲအပြုံး
ဝံပုလွေဆိုတာ
ဦးနှောက်ထဲ ရမ္မက်အပြည့်နဲ့
စဉ်းလဲတတ်တဲ့ သတ္တဝါ
တစ်မျိုးပဲ။
မွေးကတည်းက
အတ္တတွေ ဝါးမျိုကြီးပြင်း
ဝိညာဉ်တွေ စားသောက်ရင်း
ပန်းပွင့်တွေ စားသောက်ရင်း
သက်ပြင်းချသံသဲ့သဲ့မှာ
သွေးညှီနံ ပါမြဲ။
ရင်းမြစ်ဗီဇဟာ
သွေးသားဆဲလ်ထဲမှာကိုက
အတ္တအဘိဓမ္မာအဆိပ်များ
သော့ပိတ်ထားပြီးပေါ့။
အုပ်စုကွဲ
တစ်ကောင်တည်း ပဲ့ထွက်လာတဲ့အခါ
မာယာမျက်နှာဖုံးတပ်
အကွက်ချလှည့်ဖျားဆိုးညစ်တတ်
အစွှယ်ဝှက်ပြီး ပြုံးနေတတ်တယ်။
ဒါပေမယ့်
အပြုံးထဲမှာ
သွေးညှီနံဟာ ပါမြဲ။ ။
ခိုင်မြဲကျော်စွာ
လက်ပတ်နာရီချွတ်ပေးလိုက်ရတဲ့ အရက်ဆိုင်
သစ်ရွက်စိမ်းတွေက
သစ်ကိုင်းမှာနေကြဖို့ကောင်းတယ်
စိတ်ဆိုးပြီးဆင်းသွားတဲ့မိန်းမလည်း
အိမ်ပြန်လာဖို့ကောင်းတယ်။
မင်းစကားကို
အုတ်စီထားပါလျက်
အမှတ်သည်းခြေနည်းတဲ့ အသက်တစ်ချောင်း
ပလက်ဖောင်းပေါ် မောင်းတက်မိတဲ့ မော်တော်ကားပဲ။
နေလုံးလည်း အရွယ်ပြောင်းသွားတယ်
ငါထိုင်တဲ့ဆိုင်လည်း
အရောင်ပြောင်းသွားတယ်။
အရေပြားရဲ့
ထင်ရောင်ထင်မှားဖြစ်မှုမှာ
ငါ့ကိုယ်ငါ ထားစရာနေရာမရှိ
ငါးစာတွေဟာ
ဒီညအတွက်အဖြစ်မရှိ
အသွေးအသားတွေ အပြစ်ကိုမသိကြဘူး။
လက်ပတ်နာရီချွတ်ပေးလိုက်ရတဲ့ အရက်ဆိုင်
သမ်းဝေလာတဲ့ မီးလုံးအောက်
ထိုင်လို့။     ။
ခိုင်မြဲကျော်စွာ
မှော်ဆရာမီးအိမ်
မူးပြီးရမ်းတဲ့သူငယ်ချင်းဖြစ်ဖြစ်
ရန်သူဖြစ်ဖြစ်
ငယ်ငယ်တုန်းက ထိုးမိတဲ့ ဆေးမှင်ကြောင်လို
ရှောင်ရခက်တယ်။
လူတွေ
နတ်လို သစ်ပင်မှာနေလို့မရ
အမိုးအကာလိုတယ်။
ကြွေလက်စ ဗာဒံပင်အောက်က ဘ၀များ
ပါရမီလိုတယ်။
တစ်နေ့လုံး
ဆေးရောင်စုံ ကျောက်တုံးတွေ
ပြိုကျ
လူတွေ
လက်ထဲကိုင်ထားတဲ့ ငါးပါးသီလ
ခုန်ဆွခုန်ဆွနဲ့။
တစ်မိုးအောက်တည်းပေမယ့်
မိုးရေချိန်လက်မ အနိမ့်အမြင့်
မညီဘူး။
ပြုဖူးသမျှ ကုသိုလ်တရားလည်း
ကျမ်းစာအုပ်ထဲကအကြောင်း မပြန်ကြားဘူး။
ဝင်လေထွက်လေမသိတဲ့
ခွေးလေးကြောင်လေးစိတ်ကူး
ရူးလို့ရဆဲ။         ။
ခိုင်မြဲကျော်စွာ
အိမ်သူအိမ်သားတို့သည်
အိမ်သူအိမ်သားတို့သည် 
ငါက
လက်သမားကို အတုခိုးတယ်
ဗီတာမင်နဲ့ သံဓာတ်ပါတဲ့
အမိုးအကာပြုရင်း။
မိန်းမက
ကရုဏာတရားရဲ့ သင်္ကေတ
မြို့ပြရဲ့ သွေးကြောပူပူပေါ်
ပျော်ရွှင်သူ အကြောပေးသူပေါ့။
ငါတို့သားလေး
သူ့ရှပ်အင်္ကျီပေါက်စနလေးမှာ
ဓူဝံကြယ်တယ် အဖြူရောင် ကြယ်သီးတပ်
မတ်တပ်ရပ်နိုင်တဲ့ သိုးကလေး။
တစ်ယောက်ယောက်
တံခါးလာခေါက်တဲ့အခါ
မှောက်ထားတဲ့ ဖဲမရှိ
ချက်လက်မှတ်မရှိ
လူသားရနံ့အတိ အဘိဓမ္မာ သေးသေးလေးမှာ။
သြော်
မိသားစုဘဝ
သစ်ကိုင်းခြောက်ကလေးပေါ်မှာ
ပျော်အောင်နေလို့ရတယ်။
ခိုင်မြဲကျော်စွာ
သားချစ်
သားချစ်
မင်းကြိမ်လုံးယူလာ
ဒီမှာ ဒူးထောက်မတ်တပ်ရပ်စမ်း
ကြိုးကိုင်ကြမ်းမှ လိမ္မာတယ်လို့
ငါတို့အမျိုးတွေပြောတယ်
မဟုတ်ဘူး
ငါဒီလိုမလုပ်နိုင်ဘူး
လူဆိုတာ
ရတနာပဲ
ဒုလ္လဘတရားနဲ့လူဖြစ်လာတဲ့ သားချစ်ဟာ
ငါ့အတွက် ရတနာပဲ
ကျောပိုးအိတ်ထဲ
ခါးကျိုးအောင် စာအုပ်တွေ အပြည့်အသိပ်ထည့်
ခေါင်းငိုက်စိုက်ချ စာချည်းပဲ ကျက်မနေနဲ့
ကွန်ပျူတာတစ်ဂျောက်ဂျောက် ကြိုက်သလောက်
နှိပ်လိုက်စမ်း
ပြတင်းပေါက်မှန်ကွဲအောင် ဘောလုံးကန်ချင်
ကန်လိုက်စမ်း
ကလေးဘ၀ရဲ့စိမ်းလန်းခြင်းများ
ဦးထုပ်မဆောင်းတဲ့ ဆိုင်ကယ်မောင်းသမား ဖမ်းသလို
ငါလက်လှမ်းတားမှာ မဟုတ်ဘူး
မင်းကြီးလာရင်
ဆရာဝန်ကြီးလုပ်မှာလား
စစ်ဗိုလ်ကြီး လုပ်မှာလား
တစ်ဘ၀တာ ကြိုက်သလောက်စံပြီး
သံသရာမှာ ကျသလောက်ခံမယ့်လူ
မဖြစ်စေချင်ဘူး
မင်းအစ်ကိုကြီးက
ချစ်လို့ပါပြောပြီး
ကံမကောင်းတဲ့ ရွှေငါးလေးတွေ လှောင်ကန်ထဲထည့်ထားတာ
မင်းမြင်တယ်မဟုတ်လား
ရွှေငါးလေးတွေ ဒုက္ခစာနာတတ်ဖို့
မင်းစာများများ ဖတ်စေချင်တယ်
ကမ္ဘာ့မြေပုံကြီး ရှေ့ချပြီး
တူအောင် အဆွဲကျင့်နေတာနဲ့
မင်းနဲ့ ကမ္ဘာကြီး
နီးလာမှာ မဟုတ်ဘူး
အဲဒီမြေပုံပေါ်မှာနေတဲ့ လူတွေကို ချစ်တတ်အောင်
မင်းစာများများ ဖတ်စေချင်တယ်
ဘ၀မှာ
ဘာမှမလုပ်တတ်ချင်နေ
ဘာမှမယုတ်ပတ်စေချင်ဘူး
ဂတ်စ်ထည့်တဲ့အနား မင်းသွားရင်
ဂတ်စ်နံ့တော့ ရှုရမှာပဲ
လိုအပ်တဲ့အခါ
ဂတ်စ်နံ့စွဲအောင် မီးခြစ်လည်း ခြစ်ရဲရမှာပေါ့
မင်းတစ်နေ့ကြီးပြင်းလာမှာ
အသက်ကြီးတဲ့အခါ အချိန်စီးပါစေကွာ
ငါဆွဲလက်စ ဖဲချပ်ဟာ
မင်းအတွက်
မင်းလက်ခံတဲ့အခါ
အမှန်တရားဆိုတဲ့ နံပါတ်ကလွဲပြီး
ဘာနဲ့မှ ဆေးပေးမီးယူမလုပ်လိုက်နဲ့။                 ။
ခိုင်မြဲကျော်စွာ
လူမိုက် / လူလိမ္မာ / သွားကိုက်ရောဂါရွေးခြယ်ခြင်း
လူမိုက် / လူလိမ္မာ / သွားကိုက်ရောဂါရွေးခြယ်ခြင်း
သွားကိုက်ရောဂါဟာ ရန်ပြုလာတယ်
တရားရုံးရှေ့ တန်းစီရပ်ထားတဲ့တင့်ကားနဲ့ 
ဆန္ဒပြသမားပွတ်တိုက်သလိုပဲတဲ့
အချစ်ရေ ၊ ကိုယ့်အံဆုံး ဘေးသွားက သိပ်ဆိုးတာ
ကိုယ့်လယ်သိမ်းသွားတဲ့လူကို   သတင်းစာထဲမှာ မြင်မိတိုင်းလို
နာကျင်ရလား
ဘ၀လည်း အရင်အတိုင်း အရင်းက ပြန်စနေရတာပါကွာ
ဈေးပေါပေါနဲ့  ငါ့နောက်လိုက်ခဲ့သီအိုရီကို စားပွဲထိုးတယ်
ကိုယ့်ကိုယ်ကိုယ်မယုံကြည်တာနဲ့ အစိုးရကအေးစက်တယ်
နားလည်လို့ ရတဲ့အရာတွေကို  တစ်နေကုန်ထိုင်နားလည်ပေးရင်း
အိပ်ငိုက်နေတဲ့ဆိုင်ကယ်သမားပါ  ရပ်ထားတဲ့သစ်လုံးတင်ကားတွေ့ မှာ
သိပ်ကြောက်တာ
တံဆိပ်တုံးများကို  တယ်လီဖုန်းထဲ  ပစ်သွင်းကြ
ပိုကောင်းတဲ့   ဒိုင်နိုဆောလာပါစေလို့  ဆုတောင်းထားလား
နောက်လာမယ့်အစိုးရသစ်ရဲ့ ခရင်သိပ်များတဲ့ ကတိတွေက
ချောင်းဆိုးလိမ့်မယ်
အနုမြူဗုံးလည်းတစ်နေ့ ငါတို့ မြို့ပေါ်ကျလာနိုင်တယ်
လူမိုက်က  ပစ္စုပ္ပန်ဘ၀ရယ်အနာဂတ်ဘ၀ရယ်   ဆက်အောင်လုပ်တာ
လူလိမ္မာဟာ ပစ္စုပ္ပန်ဘ၀နဲ့  ပြတ်အောင်လုပ်ချင်
သူတို့  အသားတုံးရှေ့ မှာ  သူတို့  အသားတုံးတွေ  တန်းစီနေတာ
မောလို့ လားကွာ တဲ့
ပိုက်ဆံက ကတိထက်ပြစ်တယ်
သွားကိုက်ရောဂါနဲ့  တော်တဲ့ဖိနပ်ကိုသာ  ရွေးချယ်ဖြစ်ကြ
နေရာတိုင်းကကျောက်ခဲဟာ ဒီမနက်လည်းကျောက်ခဲပဲရှိကြသေးပါရဲ့  ။