Thursday, September 25, 2014
ဝင်နီရဲ့နောက်ဘဝ
ဝင်နီရဲ့နောက်ဘဝ
 မိုးအလင်း အိမ်အပြန်
 တိမ်ဆန်တဲ့ မင်းအလှက
 ကောင်းကင်နဲ့ ချိတ်လို့မရတော့ဘူး ၀င်နီရေ့။
 ဘောင်းဘီအစိမ်းနဲ့ ကလေးနှစ်ယောက်ရယ်
 ခြေတစ်ချောင်းဘုရားသခင် ပြန်လည်အသိမ်းခံရတဲ့
 ငယ်ယောကျာ်းရယ်
 မင်းဝယ်လာတဲ့ ဘုရားပန်းက
 အကြောင်းမလှတဲ့ အကြောင်းတရားအတွက်
 မဟုတ်လား။
 စားကြွင်းစားကျန် ပန်းကန်တွေဆေး
 ပြီးတော့
 ထောင်ထားတဲ့ ချိုင်းထောက်ယူပေးရတဲ့
 သက်တန့်ပေါင်းများစွာတင်ပို့ပြီး
 ကလေးနှစ်ယောက်နဲ့ စရိုက်ကြမ်းတဲ့ယောကျာ်းကို
 ကျွေးမွေးတယ်။
 ခြေထောက်မှာတွယ်ထားတဲ့မျှော့လို
 အရက်မ၀သေးတဲ့ လင်ရဲ့ရှေ့ ကိုယ်ဖော့နေတတ်တယ်။
 အရိပ်အစုတ်ကလေးတွေကို ရသလိုဖာတယ်။
 ပြီးတော့
 မီးသွေးဖိုလေးငြိမ်းလို့ ညစာပြင်တယ်
 အသက်ရှင်သူမှာ အရသာလိုတယ် မဟုတ်လား။
 လက်သည်းဆေးအရောင်ပြောင်းဆိုးတယ်။
 သော့တစ်ချောင်းပိတ်ပြီး နောက်သော့တစ်ချောင်း
 ပြန်ဖွင့်ရဲ့။
 အိမ်နာမည် မမြရီ
 လေထဲကနာမည် ၀င်နီဆိုပဲ။ ။
 ခိုင်မြဲကျော်စွာ
No comments:
Post a Comment